ကမ္ဘာတစ်ဝှမ်းလုံးတွင် အလုပ်အကိုင်ဖန်တီးခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းနှင့် စီးပွား ရေးဖွံ့ဖြိုးတိုးတက်စေခြင်းတို့၌ အဓိကမောင်းနှင်အားဖြစ်သော MSME များ၏ အရေးပါမှုကို အသိအမှတ်ပြုရန်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အရ ဇွန်လ(၂၇) ရက်နေ့ ကို “ကမ္ဘာ့ MSME နေ့” အဖြစ် ၂၀၁၇ ခုနှစ်မှ စတင်ကာ နှစ်စဉ် ကျင်းပခဲ့ကြပါသည်။
ယခု ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၁၀) ကြိမ်မြောက် အခမ်းအနား အတွက် ကုလသမဂ္ဂက သတ်မှတ်ထားသော ဆောင်ပုဒ်မှာ “The Future Generation of MSMEs” (အနာဂတ်မျိုးဆက်သစ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ) ဆိုသည်မှာ နည်းပညာတဟုန်ထိုးတိုးတက်လာသည့်ခေတ်တွင် ရေရှည်တည်တံ့ပြီး လူသားဗဟိုပြုသော စီးပွားရေးပုံစံသစ်သို့ ကူးပြောင်းခြင်းဖြစ်ပြီး၊ လက်ရှိနည်းပညာနှင့် ဉာဏ်ရည်တု (AI)ခေတ်အတွင်း မျိုးဆက်သစ် စီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍကို အဓိက ဦးတည် ထားရှိပါသည်။
စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီးဌာန အနေဖြင့် “ကမ္ဘာ့ MSME နေ့ (World MSME Day) အခမ်းအနား” ကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်-
(က) MSME လုပ်ငန်းများသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် အလုပ်အကိုင်ကောင်းမွန်စွာ ဖန်တီးပေးနိုင်သည့် အဓိက အရင်းအမြစ်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အတွက် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေစေရန်၊
( ခ ) လူငယ်များနှင့် လုပ်ငန်းရှင်များ၏ တီထွင်ဆန်းသစ်မှုနှင့်ဖန်တီးမှုကို ဖော်ထုတ် ပေးနိုင်ခြင်း၊စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဈေးကွက်ချဲ့ထွင်မှုကို အသေးစား လုပ်ငန်းများမှတစ်ဆင့် ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်များအထိ တိုးတက်ကြီးထွားလာစေရန်၊
( ဂ ) သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေဘဲ ရေရှည်တည်တံ့နိုင်သော စီးပွားရေး အလေ့အကျင့်ကောင်းများနှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို ကမ္ဘာ့လုပ်ငန်းရှင်များအကြား ပျံ့နှံ့သွားစေရန် ၊
(ဃ) ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များ
(SDGs) အောင်မြင်စေရန်အတွက် MSME လုပ်ငန်းများ၏ အရေးပါပုံကို ပြည်သူ တစ်ရပ်လုံး ပိုမိုသိရှိနားလည်လာစေရန်။
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ MSME နေ့ (World MSME Day) အခမ်းအနားကို ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ MSME အေဂျင်စီများ၏ MSME ဖွံ့ဖြိုး တိုးတက် ရေးဆိုင်ရာပြခန်းများ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများဖြင့် စည်စည် ကားကားကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ အများပြည်သူအနေဖြင့် ပါဝင်ဆင်နွဲနိုင်ရေးအတွက် သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။

