ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန

အသေးစား၊အငယ်စားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန

08-12-2022
10:00 am
နေပြည်တေ်

          စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန သည် ဆန်းသစ် တီထွင်သည့် အလေ့အကျင့်ကောင်းများ ပေါ်ပေါက်လာစေရန်၊ အောင်မြင်သည့် လူငယ် စွန့်ဉီးတီထွင်လုပ်ငန်းရှင်များအကြား အတွေ့အကြုံကောင်းများ မျှဝေကြရန် ၊ စွန့်ဉီးတီထွင် လုပ်ငန်းရှင်များ၊နိုင်ငံဝန်ထမ်းများအချင်းချင်း ချိတ်ဆက်မိစေရန် ရည်ရွယ်၍ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး အထူးရန်ပုံငွေ ဒုတိယအသုတ်ဖြင့် ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှု အတွက် ဆန်းသစ်တီထွင်မှု နှင့် လူငယ်စွန့်ဦး တီထွင်မှုများဆိုင်ရာ နှီးနှောဖလှယ် ပွဲ (တတိယအကြိမ်) (The 3rd Hybrid Seminar on Innovation and Young Entrepreneurship for Regional Development) ကို ၂၀၂၂ ခုနှစ်  နိုဝင်ဘာလ (၂၆) ရက် မှ (၂၈) ရက်အထိ Grand ASTER Villa တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

              နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၂၆.၁၁.၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး စက်မှုဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ၊ ဒေါက်တာချာလီသန်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ Minister Counsellor , Mr.Zheng Zhihong ၊ နိုင်ငံခြားရေးဝန်ကြီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်သူငြိမ်း တို့ မှ အဖွင့်အမှာစကား  ပြောကြားခဲ့ပြီး ၊ E-Market Platform ဆိုင်ရာသိကောင်းစရာများကို  စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါက်တာအိရွေစင်ထွန်းက လည်းကောင်း၊ E-Market Platform တည်ဆောက်ထားပုံတွင် ပါဝင်သည့် function များ   ရောင်းသူ/ဝယ်သူဘက်မှ အသုံးပြုပုံများ  ပစ္စည်းပို့ဆောင်မှု၊ ငွေပေးချေမှုများနှင့်စပ်လျဉ်း၍ Cyber King Co.,Ltd  CEO & Founder ဦးမြတ်သူကလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး  စက်မှုဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး က E-Market Place for Myanmar Products Platform အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် MSME လုပ်ငန်းရှင်များမှ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ ထုတ်ကုန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင်  စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်  ဦးသိန်းဆွေ မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။     နှီးနှောဖလှယ်ပွဲတွင် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့မှ ကိုယ်စားလှယ်များ မှ virtual တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ ဖြစ်ကြ သည့် တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တို့မှ SME ဌာန တာဝန်ရှိသူများ နှင့်  MSME လုပ်ငန်းရှင်များ  စက်မှုဝန်ကြီးဌာန မှ အရာထမ်းများ စုစုပေါင်း (၇၀) ဦးခန့်က in-person ဖြင့် တက်ရောက်ခဲ့ကြပါသည်။

              နှီးနှောဖလှယ်ပွဲအခမ်းအနား အစီအစဉ်အရ တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တို့မှ MSME လုပ်ငန်းရှင်များက ၎င်းတို့၏ ဆန်းသစ် တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ ထုတ်ကုန်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့မှုများ အပေါ် ကျွမ်းကျင်ပညာရှင်များမှ သုံးသပ်၍ အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး  အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSME)  ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် စောင့်ထိန်းရမည့် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များ  ကိုယ်ပိုင်ကျင့် ဝတ်များ၊ စွန့်ဦးတီထွင်မှု နှင့် ဆန်းသစ်တီထွင်မှုများဖန်တီးခြင်းများ နှင့်စပ်လျဉ်း၍ ကျွမ်းကျင် ပညာရှင်တစ်ဦး ဖြစ်သူ ဦးညီညီ မှ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

              နှီးနှောဖလှယ်ပွဲတွင် တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်တို့မှ MSME လုပ်ငန်းရှင်(၂၇) တို့သည် ၎င်းတို့၏ လုပ်ငန်းများအား ပထမအကြိမ် နှင့် ဒုတိယအကြိမ် နှီးနှောဖလှယ်ပွဲများမှ ရရှိခဲ့သည့် အတွေ့အကြုံများကို အသုံးချ၍ ဆန်းသစ် တီထွင်မှုများ ပြုလုပ်ခဲ့ခြင်းများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ရှင်းလင်းတင်ပြသူများ အနက်မှ အကောင်းဆုံးရှင်းလင်းတင်ပြနိုင်သူ (၅) ဦးနှင့် ပြပွဲပြသခဲ့သော ပြခန်း (၁၀၅) ခန်းအနက်မှ အကောင်းဆုံးပြင်ဆင်ထားပြီး လူကြိုက်များသည့် ပြခန်း (၅) ခုတို့ကို ရွေးချယ်၍ ဆုများချီးမြှင့်ခဲ့ပါသည်။