The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

2022-01-05
1:00 pm
နေပြည်တေ်

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာနသည် အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုဒေသရန်ပုံငွေဖြင့် မြန်မာနိုင်ငံအတွင်းရှိ စားသောက်ကုန် ထုတ်လုပ်မှု လုပ်ငန်းများအတွက် ဆန်းသစ်တီထွင်မှုအလေ့အကျင့်ကောင်းများ မျှဝေခြင်း စီမံကိန်း “Innovative Products Practices for Food processing in Myanmar” ကို ၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာလ မှ ၂၀၂၂ ခုနှစ် မတ်လအတွင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အဆိုပါစီမံကိန်း၏ ရည်ရွယ်ချက်မှာ အာဆီယံ-ဟောင်ကောင်ဒေသတွင်းရှိ စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံပေါင်း (၆) နိုင်ငံမှ လုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကွန်ရက် တိုးချဲ့ရန်၊ မြန်မာလုပ်ငန်းရှင်များအနေဖြင့် စားသောက်ကုန်လုပ်ငန်းများနှင့် ပတ်သက်သည့် innovation အသိပညာအတွေ့အကြုံများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် သွင်းကုန်လုပ်ငန်းများ အပေါ်တွင် အခြေခံ၍ ပြောင်းလဲလုပ်ကိုင်နိုင်မည့် နည်းဗျူဟာများ ပိုမိုရရှိလာပြီး ပြည်တွင်း၊ ပြည်ပ စျေးကွက်ဝင် ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရန် ၊ International Norms Innovation idea နှင့် Design Thinking များ စနစ်တကျ တွေးခေါ်လုပ်ကိုင်တတ်စေရန်တို့ဖြစ်ပါသည်။

            စီမံကိန်း အကောင်အထည်ဖော်မှုအားအဆင့် (၃) ဆင့်ဖြင့် သတ်မှတ်ထားပြီး ပထမအဆင့် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ အလားအလာရှိသော အသေးစား၊ အငယ်စား နှင့်အလတ်စား စားသောက်ကုန် လုပ်ငန်းများကို ပြိုင်ပွဲပြုလုပ်၍ ရွေးချယ်ခြင်း၊  ဒုတိယအဆင့်အနေဖြင့် ရွေးချယ်ထားသည့် MSME များအား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ပြုပြင်ပြောင်းလဲနိုင်စေရန် ကျွမ်းကျင်ပညာရှင်များဖြင့် အနီးကပ်လမ်းညွှန်ခြင်း (Mentoring) များ ဆောင်ရွက် ပေးခြင်း၊ နည်းပညာနှင့် စက်ပစ္စည်းများ (လိုအပ်ပါက) ကို ပံ့ပိုးပေးခြင်းနှင့် တတိယအဆင့် အနေဖြင့် အာဆီယံနှင့်ဟောင်ကောင်ဒေသမှ စားသောက်ကုန် MSME များနှင့် အစိုးရဌာနများမှ တာဝန်ရှိသူများ အား virtual ဖိတ်ကြား၍ လည်းကောင်း၊ မြန်မာနိုင်ငံမှ MSME များအား physical ဖိတ်ကြား၍ လည်းကောင်း  တီထွင်ဖန်တီးမှုနှင့်စပ်လျဉ်းသည့် အတွေ့အကြုံ၊ အသိပညာများ ဖလှယ်ခြင်း hybrid seminar ကို နေပြည်တော်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်ခြင်းကို ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

            စီမံကိန်းပထမအဆင့်အဖြစ် ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ Criteria သတ်မှတ် ချက်များနှင့်ကိုက်ညီပြီး  အလားအလာရှိသော စားသောက်ကုန်လုပ်ငန်း (၃)ခုစီကို ရွေးချယ်ပြီး အကဲဖြတ်ဒိုင်များဖြင့် အကောင်းဆုံးဆုရွေးချယ်၍     Innovation Idea Awards for Food Processing ဆုချီးမြှင့် ပေးအပ်ခဲ့ပါသည်။ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် (၃.၁၂.၂၀၂၁) ရက်နေ့၌  ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့ရာ နေမင်းဆားစက်၊ Green Toddy ထန်းသကြားလုပ်ငန်းနှင့် MoMoKo ဓနိဖူးခြောက် လုပ်ငန်းတို့မှ လည်းကောင်း၊ (၆.၁၂.၂၀၂၁) ရက်နေ့၌   မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပသော ပြိုင်ပွဲတွင် ရွှေဝါမြေ ဝဥခြောက်လုပ်ငန်း၊ JJY မှိုစားသောက်ကုန် ထုတ်လုပ်ငန်း၊ ပြည်မြန်မာကိတ်နှင့်မုန့်မျိုးစုံ လုပ်ငန်းတို့မှလည်းကောင်း ပထမ၊ ဒုတိယ၊ တတိယဆုများ အသီးသီး ရရှိခဲ့ကြပါသည်။ 

            လက်ရှိအခြေအနေတွင် စီမံကိန်းဒုတိယအဆင့်အဖြစ် ရွေးချယ်ထားသည့် MSME များအား ၎င်းတို့၏ထုတ်လုပ်မှုအဆင့်ဆင့်တွင် တီထွင်ဆန်းသစ်မှုအလေ့အကျင့်များ မြှင့်တင်ပေးရန်နှင့် လိုအပ်ချက်များ ပြုပြင်ပြောင်းလဲနိုင်စေရန်အတွက် ကျွမ်းကျင်ပညာရှင်များဖြင့် အနီးကပ်လမ်းညွှန်ခြင်း (Mentoring) များ ဆောင်ရွက်ပေးလျက်ရှိပါသည်။