စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် အာဆီယံ၏ ABINet Project အရ မြန်မာနိုင်ငံ၏ အစပျိုးစီးပွားရေး လုပ်ငန်းအသစ်များ (Start Up) များအတွက် အကြံဉာဏ်ကောင်းများနှင့် အခွင့်အလမ်းကောင်းများ ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ “အစပျိုးစီးပွားရေးလုပ်ငန်းအသစ်များ (Start Up) အား ပျိုးထောင်ပေးမည့် အစီအစဉ်တွင် ပူးပေါင်း ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲ” ကို (၂၄.၈.၂၀၁၈) ရက်နေ့၌ SME Center အမှတ် (၃၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့ရာ၊ တက္ကသိုလ်များရှိ R & D ဌာနမှ ပညာရှင်များ၊ စီးပွားရေးပညာရှင်များ၊ နည်း ပညာရှင်များ၊ စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များ၊ စီးပွားရေးနယ်ပယ်မှ အကြံပေးပုဂ္ဂိုလ်များ စုစုပေါင်း (၂၈) ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက်အထောက်အပံ့ရယူလိုကြောင်း လျှောက်ထားလာသည့် SME လုပ်ငန်းရှင် (၅၄) ဦး အနက်မှ Start Up (၅) ဦးနှင့် Potential SME လုပ်ငန်းရှင် (၅) ဦး စုစုပေါင်း (၁၀) ဦး တို့အားရွေးချယ်၍ ASEAN Business Incubation Model ပုံစံအား လက်ခံကျင့်သုံးနိုင်ရန်၊ Technology Business Incubators များနှင့် ၄င်းတို့၏ Stakeholder များအကြောင်း Database စာရင်းကောက်ယူရန်၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ASEAN ABINet Annual Meeting များ ကျင်းပပြုလုပ်နိုင်ရန်၊ စင်္ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ တို့တွင် Business Matching များ ကျင်းပပြုလုပ်ရာတွင် ပါဝင်တက်ရောက်နိုင်ရန်၊ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငငံတို့မှပံ့ပိုးကူညီပေးသည့် Co-Incubation Program တွင်ပါဝင်နိုင်ရန်နှင့် Virtual Incubation Program အကြောင်းသိရှိစေရန် စသည့်အာဆီယံမှ အထောက်အပံ့ပေးမည့် အစီအစဉ်နှင့် SME Center မှ အထောက်အပံ့ပေးမည့် အစီအစဉ်များ တွင် ပါဝင်နိုင်ရန်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

